ဦးပညာဝံသ (1928 - 2017)
အဂ္ဂမဟာ ပဏ္ဍိတ ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက
ဓမ္မိကာရာမ ကျောင်းတိုက် (မလေးရှားနိုင်ငံ၊ ပီနန်မြို့)
မဟာ သာသနရံသီ မြန်မာကျောင်းတိုက် (စင်္ကာပူနိုင်ငံ)
ဆရာတော်ကြီး ဦးပညာဝံသသည် မလေးရှားနိုင်ငံ ပီနန်မြို့တွင် သီတင်းသုံးနေယင်း ကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်သည် ဖြစ်၍ ပီနန်ဆရာတော် အဖြစ်လည်း ထင်ရှားပါသည်။
ဆရာတော်ကြီးသည် ဝါးခယ်မမြို့ ကျုံတိုင် ဆင်ကူးရွာ ဇာတိဖြစ်သည်။ ၁၉၂၈ ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ မိဘ များမှာ ဦးဘတူ နှင့် ဒေါ်ကြည် တို့ ဖြစ်ပြီး ငယ်နာမည်မှာ မောင်တင်ညွန့် ဖြစ်ပါသည်။ မွေးချင်းတို့ မှာ အကိုကြီး ဦးကံညွန့် နှင့် နှမငယ် ဒေါ်အေးရီတို့ ဖြစ်ပါသည်။
အသက် ၁၄ နှစ်သားတွင် ရှင်သာမဏေဘောင် ဝင်ခဲ့ပြီး၊ ၁၉၄၈ ဧပြီ ၁၆ ရက်နေ့ မှာ ရဟန်းဘောင် ဝင်ခဲ့သည်။ ဝါးခယ်မ၊ ညောင်တုန်း၊ မန္တလေး တို့တွင် ဗုဒ္ဓစာပေများကို သင်ယူခဲ့သည်။
၁၉၅၃ ခုနှစ်၊ သက်တော် ၂၅ နှစ်မှာ ဓမ္မာစရိယ စာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင် သဖြင့် မြန်မာနိုင်ငံတော် အစိုးရက သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည်။
၁၉၅၄ ခုနှစ်မှာ ကိုးကိုးကျွန်း သို့ သာသနာပြုရန် မြန်မာနိုင်ငံတော် အစိုးရက စေလွှတ်ခဲ့သည် ။ ထိုနောက် သီရိလင်္ကာနှင့် အက်ဒမန်ကျွန်း ခေါ် ကပ္ပလီကျွန်းတို့သို့ ပြည်ပ သာသနာပြု အဖြစ် ခရီးစဉ် ချဲ့ခဲ့သည်။
၁၉၆၅ ခုနှစ်တွင် ရန်ကုန်သို့ ပြန်လာပြီး အောင်မင်္ဂလာသိဒ္ဓိ ကျောင်းတိုက် ၌ စာချ အဖြစ် ဆောင်ရွက် ခဲ့သည်။
၁၉ရဝ ခုနှစ်တွင် မလေးရှား နိုင်ငံ ပီနန်မြို့ ရှိ ရှေးမြန်မာ ဘုန်းကြီးကျောင်း တွင် ကျောင်းထိုင် ရန် မြန်မာ နိုင်ငံတော် အစိုးရက စေလွှတ်ခဲ့သည်။ ၁၉ရ၂ ခုနှစ်တွင် ဆရာတော်ကြီး သည် ပီနန်းကျောင်း ကို လက္ခံ ရယူပြီး သတ္တမမြောက်ကျောင်းထိုင် ဆရာတော် ဖြစ်လာခဲ့သည်။ ပီနန်းကျောင်း သည် ၁၈၀၃ ခုနှစ်က တည်ထောင်ခဲ့သည် ဖြစ်၍ ယခုအခါ သက်တမ်း ၂၀၀ ကျော်လေပြီ။
၁၉၇၉ တွင် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျဲလစ် တက္ကသိုလ် အရှေ့တိုင်း ဘာသာသင်ဌာန၌ ဗုဒ္ဓ အဘိဓမ္မာကို ပို့ချပေးခဲ့သည်။
၁၉၈၅ တွင် နိုင်ငံတကာ ဗုဒ္ဓဘာသာ သံဃာ့ အဖွဲ့ကြီးကို တည်ထောင်သည်။
၁၉၉၁ ခုနှစ် တွင် မဟာ သာသန ရံသီ မြန်မာ ကျောင်းတိုက်ကြီးကို စင်ကာပူ၌ တည်ဆောက် ဖွင့်လှစ် ခဲ့သည်။
၁၉၉၄ တွင်၊ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့သည်။
၁၉၉၈ တွင်၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့သည်။
၁၉၉၉ ခုနှစ် တွင် ရန်ကုန်မြို့ တာမွေမြို့နယ်မှာ မဟာသန္တိသုခ ကျောင်းတိုက်ကြီးကို၊ နိုင်ငံရပ်ခြားတွင် သာသနာ ပြုနိုင်သော ခေတ်ပညာတတ် ရဟန်းတော်များ မွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက် ခဲ့ပါသည်။
၂ဝဝ၇ ခုနှစ်၊ မြန်မာနိုင်ငံ၌ ရွှေဝါရောင် တော်လှန်ရေးအဖြစ် ကမ္ဘာကျော်ခဲ့သည့် သံဃာထု လှုပ်ရှားမှု ကာလအတွင်း၊ ဆရာတော် ကြီးသည် အောက်တိုဘာ ၂၈ ရက်နေ့တွင် သာသနာ့ ဥသျှောင်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌ ဆရာတော်အဖြစ် တာဝန်ယူလျက် ပြည်ပမှ ပံ့ပိုး ပေးခဲ့သည်။
ဆရာတော်ကြီးသည် လောစ့်အိန်ဂျဲလစ် (အမေရိကန်)၊ ဆဒ်နီ (ဩစတြေးလျ)၊ ချီကာဂို (အမေရိကန်)၊ တိုရန်တို (ကနေဒါ)၊ ဟောင်ကောင် (တရုတ်ပြည်)၊ စင်ကာပူ၊ ကွာလာလမ်ပူ (မလေးရှား)၊ အုခ်လန် (နယူးဇီလန်)၊ ဟော်လန်၊ ရန်ကုန် (မြန်မာ) စသည့် ကမ္ဘာ့ နိုင်ငံပေါင်း ၂၀ ကျော်တွင် သာသနာပြုကျောင်းပေါင်း များစွာ ဆောက်လုပ် တည်ထောင် သာသနာပြုခဲ့သည်။ ရန်ကုန်မြို့ရှိ ခမ်းနား ကြီးကျယ်သော မဟာသန္တိသုခ ဗုဒ္ဓ သာသနာပြုကျောင်း နှင့် စင်္ကာပူ တိုပါးယိုးရှိ လှပတင့်တယ်သော မြန်မာကျောင်းတို့သည်လည်း အပါအဝင် ဖြစ်သည်။
ဆရာတော်ကြီးသည် သက်တော် (၉၀)၊ သိက္ခာတော်ဝါ (၇၀) အရွယ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်၊ သောကြာနေ့ နံနက် ၅:၁၅ နာရီ တွင် မလေးရှားနိုင်ငံ ပီနန်မြို့ ၌ ကျောက်ကပ်၊ နှလုံး ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ ပါသည်။