လောကလည်း မဖျင်းစေနဲ့ ဓမ္မလည်း မယွင်းစေနဲ့

လောကလည်း မဖျင်းစေနဲ့ ဓမ္မလည်း မယွင်းစေနဲ့

(ဦးပညာဝံသ)

၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ လဆန်းပိုင်း ဖြစ်ပါသည်။ ပီနန်၊ စင်္ကာပူ နှင့် လော့အိန်ဂျလိ(စ်) ဆရာတော်ကြီး အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပညာဝံသ နှင့် တပည့် ဒကာ ဒကာမ များသည် မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံ ၏ နယ်စပ်မြို့လေး တမြို့ ဖြစ်သော နမ့်ခမ်းမြို့ သို့ ရောက်ရှိကြ၏။ ဆောင်းတွင်းမို့ နမ်းခမ်း တွင် အအေး ပိုနေသည်။ မန္တလေး မြို့ပေါ်ရှိ ရှမ်းသာရေး နာရေး အသင်း က ဖိတ်ကြား၍ “အေး အမေရိကန်၊ အင်္ဂလန်၊ ဥရောပ စတဲ့ နိုင်ငံ တွေရော တရုတ်၊ ဂျပန် စတဲ့ နိုင်ငံ တွေရော ရောက်ပြီးတော့ ကိုယ့်တိုင်းပြည် နယ်စပ် တွေလဲ ရောက်သင့် တာပေါ့” ဟု ဆိုကာ ရန်ကုန်မြို့ မှ တပည့် ဒကာ ဒကာမ များ နှင့် အတူ ဆရာတော်ကြီး နမ့်ခမ်းမြို့ သို့ ကြွရောက် လာခဲ့ ခြင်း ဖြစ်၏။

ထိုနေ့က နမ်းခမ်း မြို့လည် ဓမ္မာရုံတွင် တရား ဟောကြားမည် ဖြစ်ရာ ကမ္ဘာ့ သာသနာပြု ဆရာ တော်ကြီး က ဘာများ ဟောမလဲ၊ ဘယ်လို တရား ထူးများ နာကြားရ မလဲ ဟု ဆိုကာ မြို့ခံလူထု သည် အထူး စိတ်ဝင်စား လျက်ရှိ၏။ ထိုနေ့ နံနက်က ဆရာတော် ကြီး သည် နန့်ခမ်းမြို့ ဦးရှိ ပရဟိတ ဘုန်းတော်ကြီးကျောင်း ကလေးများ အတွက် စာသင် ခန်း ဆောက်ရန် ကျပ်ငွေ ၁၅ သိန်း လှူဒါန်း ခဲ့၏။ ဆရာတော်ကြီး က မိမိ၏ အလှူ နှင့် ပါတ် သက် ၍ “နယ်စပ်က ကလေးတွေ မိုးလုံလေလုံ နဲ့ ကျောင်းကောင်းကောင်း လေးမှာ နွေးနွေး ထွေးထွေး စာသင်ကြား စေချင်တယ်။ နေရာ ထိုင်ခင်းလေး ကောင်းမှပဲ ကလေး တွေလည်း စိတ်ဓာတ် မြင့်ပြီး စာပိုသင် ချင်ကြမယ်။ ပိုကြိုးစား ကြမယ်ပေါ့” ဟု မြွက်ကြား ကာ ကလေးများကို အင်္ဂလိပ်စာ မြန်မာစာ ရှမ်းစာ သာမက တရုတ်စာပါ သင်ကြားဖို့ မှာ ကြား တော် မူပါ၏။

တရားပွဲ တွင် နမ်းခမ်း မြို့လည် ဓမ္မာရုံမှာ တရားနာ ပရိသတ် နှင့် ပြည့်လျှံ သွားရုံ သာမက လမ်းများပေါ် နှင့် သစ်ပင်များ အောက် တွင်ပါ တရားနာ ပရိသတ် တို့ဖြင့် ပြည့်နေ၏။ ဆရာတော် ကြီး ဘဒ္ဒန္တ ပညာဝံသ က “ရှမ်းဒကာ တွေရော မြန်မာ ဒကာ တွေရော ဘုန်းကြီး ပြောချင် တာက ဘုန်းကြီး မြန်မာပြည် ပြန်လာတော့ သိပ် မတိုးတက် သေးတာ တွေ့ရတယ်။ ဘုန်းကြီးက ကိုယ့်ရွာ ကိုယ့်နိုင်ငံ သူများ တိုင်းပြည်တွေလို တိုးတက် စေချင် တယ်။ ရှမ်းအမျိုးသား ဗုဒ္ဓ ဘာသာတွေ မြန်မာတွေ ဆရာသမား အစဉ်အဆက် နဲ့ နေလာခဲ့ ကြတာ မိရိုးဖလာ လှူတာ တန်းတာ သာသနာ အပေါ် ကြည်ညို လေးစားတာ ဘာမှ ပြော စရာ မရှိဘူး။ အင်မတန် စေတနာ ရှိကြတယ်။ သို့သော်လည်း ဘုန်းကြီးစိတ်ထဲ မကျေနပ်မှု ရှိတာ လေးက ဒကာ ဒကာမ တွေ တိုးတက် ချမ်းသာ စေချင်တယ်။ ဒါကြောင့် ဘုန်းကြီးက အခွင့်ရရင် ဘာပြော လဲ ဆိုတော့ ‘လောကလည်း မဖျင်းစေနဲ့ ဓမ္မလည်း မယွင်း စေနဲ့’ လို့ ပြောတယ်။”

“ဘုန်းကြီး တို့ ဒကာ ဒကာမ တွေ သာသနာ ဘက်မှာ သိပ်ပြီး ကြည်ညို သဒ္ဒါ ပွားကြတယ်။ လောကဘက် ကြတော့ နောက်ကျ နေသလို ရှိတယ်။ လောကီ ဘက်မှာ နောက်ကျတော့ မလှူ နှိုင်ကြဘူး။ ကိုယ်ထောက်ပံ့ ချင်တဲ့ ကိုယ့်သာသနာ ကိုယ်ထောက်ပံ့ ချင်သလောက် မထောက်ပံ့ နှိုင်ကြဘူး။”

“ဘုန်းကြီး တို့ ဒကာ တွေ တွေးတာက ရိုးတယ်။ ဘယ်လိုတွေးလဲ ဆိုတော့ ‘ငါ့နှယ် ဆင်းရဲ လိုက်တာ နိဗ္ဗာန် ရောက်မှ အေးမှာ ပါတဲ့။’ ဆင်းရဲလွန်းတော့ နိဗ္ဗာန် မျှော်တယ်။ ဘုရား ရှိခိုး ဆုတောင်း မှာလည်း ‘နိဗ္ဗာန် ရောက်ရ ပါလို၏’ တဲ့။ ဒကာ ဒကာမတွေ နိဗ္ဗာန် ကို ဒီထက် အဓိပ္ပာယ် ပေါက်စေချင်တယ်။ နိဗ္ဗာန် ဆိုတာ ဘာလည်း။ ရှမ်း တွေရော ဗမာ တွေရော က ‘နိဗ္ဗာန် ဆိုတာ ဒုက္ခ ချုပ်ငြိမ်းတာ လို့ဆိုတယ်။’ နိဗ္ဗာန် က နှစ်မျိုး ရှိတယ်။ လောကီ နိဗ္ဗာန် နဲ့ လောကုတ္တရာ နိဗ္ဗာန်။ နိဗ္ဗာန် ကို နည်းနည်း ဘာသာ ပြန်ရရင် – မအိုရ၊ မနာရ၊ မသေရတာ နိဗ္ဗာန် လို့ပြောတယ်။ ပြောတော့ ပြောတယ်။ ပြောရင်းနဲ့ နိဗ္ဗာန် က အစပျောက် မျက်စေ့ လည်သွား တယ်။ နာလည်း မနာဘူး၊ အိုလည်း မအိုဘူး၊ သေလည်း မသေဘူး၊ နောက်ဘဝလည်း ပြန်မဝင် စားတော့ဘူး ဆိုတော့ ဘာ စဉ်းစားလဲ။ အဲဒီ နိဗ္ဗာန် ဆိုတာ ဘယ်နေရာ မှာပါလိမ့်ပေါ့။ နမ့်ခမ်း မှာလား၊ မူဆယ် မှာလား၊ ရန်ကုန် မှာလား၊ စင်္ကာပူ မှာလား၊ မပြောတတ် တော့ဘူး။ နိဗ္ဗာန် ကို မသေတဲ့ နေရာ၊ မနာတဲ့ နေရာ ဆိုတော့ အာရုံ ပြု လို့ မရဘူး။ ပါဠိ လိုကြတော့ ‘ဒုက္ခ နိရောဓော နိဗ္ဗာန’ တဲ့။ ဒုက္ခ ချုပ် ငြိမ်း ရာ နိဗ္ဗာန် လို့ အဓိပ္ပာယ် ရတာ။ အဲဒီ နေရာက ဒုက္ခ မရှိတော့ ဘူးဆိုတော့ ဒုက္ခ မရှိတဲ့ နေရာဟာ ချမ်းသာ တာပေါ့။ ဒီတော့ ချမ်းသာ တာကို နိဗ္ဗာန် လို့ ပြောရင် မရ ဘူးလား။ ရတာပေါ့။ နိဗ္ဗာန် ကို ဘယ်လိုပြော မလဲ။ ချမ်းသာတာ လို့ ပြောလိုက်တော့။ ဒုက္ခ ခပ်သိမ်း ချုပ်ငြိမ်းတာ ဆိုတော့ ဗမာ စကားက ဝေ့နေတယ်။ တိုက်ရိုက် မဟုတ်ဘူး။ နိဗ္ဗာန် ဆိုတာ ချမ်းသာတာ ဆိုရင် ဆင်းရဲတာ နိဗ္ဗာန် မဟုတ်ဘူး ပေါ့။ နိဗ္ဗာန် ချမ်းသာ ဆိုတာ နှစ်မျိုး ရှိတယ်။ လောကီ ချမ်းသာ နဲ့ လောကုတ္တရာ ချမ်းသာ တာ။ လောက ထဲ မှာနေပြီး ချမ်းသာ တာက လောကီ ချမ်းသာ။ အရိယာ ဖြစ်ပြီး ချမ်းသာ တာက လောကုတ္တရာ ချမ်းသာ။

“အရိယာ မဖြစ်ခင် လောကထဲမှာ ချမ်းသာတာရော အရေးမကြီး ဘူးလား။ အရေးကြီး တာပေါ့။ အိမ်ရှင်မ တစ်ယောက် ဆိုပါတော့။ အိမ်ငှားနဲ့ နေရရင် ချမ်းသာ ပါ့မလား။ မချမ်း သာဘူး။ အဲဒီ အိမ်ရှင်မ က ကိုယ်ပိုင် အိမ် လေးနဲ့ နေရရင် ချမ်းသာ မသွား ဘူးလား။ ချမ်းသာ တာပေါ့။ ငါ့ အိမ်လေးနဲ့ နေနှိုင်အောင် ဆိုပြီး သူတို့ မိသားစု အိမ်တစ်လုံး ဝယ်နှိုင်အောင် ကြိုးစား ကြတယ်။ ကိုယ်ပိုင် အိမ်လေး ရတည်။ ဒီ မိသားစု အိမ် အတွက် တော့ ချမ်းသာသွား တယ်။ အိမ် အတွက် ဆင်းရဲတာ မရှိတော့ အိမ် အတွက် နိဗ္ဗာန် ရောက်သွား တာပေါ့။ ဒါကို အိမ် နိဗ္ဗာန် လို့ ခေါ်ရင်လဲ ရတယ်။ ဒါဟာ အိမ် ချမ်းသာပေါ့။ ဒုက္ခ ခပ်သိမ်း လို့ ဆိုပြီးတော့ ကိုယ်ဘာသာ ကိုယ် ဝေ့လည်နေ အောင် မလုပ်နဲ့။ နိဗ္ဗာန် ကို ချမ်းသာတာ လို့ ဘာသာပြန်။”

“နိဗ္ဗာန် ဆိုတာက တခါတလေ တော့လဲ မလိုချင် တာကို နိဗ္ဗာန် လို့ ပြောတယ်။ မလိုချင် ဆိုတာက မရှိရင် လိုချင်နေ မှာပဲ။ ဥစ္စာ မရှိရင် ဥစ္စာ လိုချင်မှာပဲ။ပထမ လောကမှာ အိမ် တဆောင် မီးတပြောင် နဲ့ နေတာဟာ လောက နိဗ္ဗာန်။ ဟော နောက်တော့ အိမ် က အလကားပဲ။ ငြီးငွေ့ လာတယ်။ ဒီကားတွေ ဒီပစ္စည်းတွေ ကလည်း အလကားပဲ။ ဒါတွေ ခံစား နေရတာဟာ ဒုက္ခ ပဲလို့ ငြီးငွေ့ သွား တဲ့အခါ ဒါတွေကို စွဲလန်းတပ်မက်မှု မရှိရင် လောကုတ္တရာ နိဗ္ဗာန် ကိုရောက်ရော။ ရာဂ တွေ လိုချင်တာတွေ ကုန်တာ၊ ဒေါသတွေ မောဟတွေ ကုန်တာ နိဗ္ဗာန် ဆိုတော့ ပိုရှင်းတယ်။ ဘုန်းကြီး ပြောမယ် . . . လောကမှာ အိမ်တစ်ဆောင် မီးတစ်ပြောင် နဲ့ ချမ်းချမ်းသာသာ အေးအေးချမ်းချမ်း နေဖို့ မလိုဘူးလား။ လိုတယ်။ လိုရင် ဒါဟာ ပထမတန်း လောကီ ချမ်းသာပဲ။ ဟော ဒုတိယ လိုချင်တာ တွေ မရှိတော့ဘူး။ ဒါကြ တော့ ဒုတိယ အဆင့် ချမ်းသာ။ ဒကာကြီး တို့က ပထမ တန်း မအောင်ပဲ နဲ့ ဒုတိယ တန်း တက်နေသလို ဖြစ်တယ်။ တန်းကျော် တက်နေတယ်။ ပထမ လောကီ ချမ်းသာ ကို အရင်လုပ်ရမယ်။ နောက် အတန်းတက် ပြီးမှ လောကုတ္တရာ ချမ်းသာ ကို လုပ်ရမယ်။ တစ်တန်းပြီးမှ တစ်တန်းတက်။ တန်းကျော် မတက် ရင် လောကီ ချမ်းသာ ဟာလဲ လောက နိဗ္ဗာန်ပဲ။”

ဆရာတော် ကြီးက အာရှင်းရှင်း ဖြင့် နိဗ္ဗာန် ကို ဖွင့်ဆိုနေ၏။ ပါဠိ ပတ်သားမပါ ၍ တရား နာရသည် မှာ ဇတ်လမ်းပမာ နားဆင်ရ သလို ရှင်း၏။ ရှမ်း ဒကာ၊ ဒကာမ များရော၊ မြန်မာ ဒကာ၊ ဒကာမ များပါ လောကီ ချမ်းသာ ခြင်းကိုရော လောကုတ္တရာ ချမ်းသာ ခြင်းကိုပါ အလွယ်နှင့် သိသွားကြ၏။ ဆရာတော် ကြီးက ဗုဒ္ဓဝင် နှင့် ဝိပဿနာ ကမ္မဌာန်း တရားများကို ရှင်းရှင်း နှင့် လွယ်လွယ် ပင် ဆက်ဟောသည်။ ဆရာတော် ကြီးက မဟာ သန္တိသုခ ဆယ်ထပ် ကျောင်းတော်ကြီး ဆောက်လုပ်ရသည့် ရည်ရွယ်ချက် ကို ရှင်းပြသည်။ တရားပွဲ ပြီးသော အခါ ဆရာတော် ကြီးက ယခု ဟောပြော သည်တို့နှင့် ပတ်သက်၍ လည်းကောင်း၊ အခြား သိလိုတာများ ရှိလျှင် သော် လည်းကောင်း မေးကြ ဟုဆိုပါ၏။ ထိုအခါ ရှမ်း ဒကာ တစ်ဦးက “ဆရာတော် ကြီးဘုရား – တပည့်တော် အား လောဘ နှင့် အလောဘ တို့ကို ရှင်းပြတော် မူပါဘုရား” ဟု လျှောက် ထား၏။

ထိုအခါ ဆရာတော် ကြီးက “လောဘ – အလောဘ” ဆိုတာက ပါဠိ စကား။ လောဘ ဆိုတာက လိုချင်တာ။ အာရုံ ခြောက်ပါးကို လိုချင်တာကို လောဘ လို့ခေါ်တယ်။ ဒီလိုပဲ ဘုန်းကြီးတို့ ကဟောတော့ မျက်စေ့ လည်သွား ရော။ ဒီလိုဟောတော့ လှတာကို ကြည့်တဲ့အခါ လောဘစိတ် ဖြစ်လာမှာ စိုးတယ်။ ရာဂ ဖြစ်မှာ စိုးတယ်လေ။ ဒါကြောင့် ရာဂ မဖြစ်အောင် မယူချင်နဲ့၊ မကြားချင်နဲ့၊ မစားချင်နဲ့ ဒီလို ဟောကြတယ်။ အဲ . . . စာအတိုင်း အမှန်ပြော ရရင် လောဘ ဆိုတာ လိုချင်တာ ကို ပြောတာ မဟုတ်ဘူး။ မတရား သဖြင့် လိုချင်တာ ကို လောဘ လို့ ဘာသာ ပြန်ရမယ်။ ကိုယ့်သား ကျွေးဖို့၊ ကိုယ့်သမီး ကျွေးဖို့၊ မိဘ လုပ် ကျွေးဖို့၊ မိမိ ကိုးကွယ်တဲ့ ဘာသာကို လှူဘို့ တန်းဘို့ လိုချင် တာဟာ လောဘ မဟုတ်ဘူး။ ဒါက သမ္မာ ဆန္ဒ တရားသဖြင့် လိုချင်တာ။ ကောင်းရောင်း ကောင်းဝယ် လုပ်တယ်၊ လယ်ယာ ကိုင်းကျွန်း လုပ်တယ်၊ ဒါဟာ လောဘ မဟုတ်ဘူး။ သမ္မာ ဆန္ဒ ဆိုတာ စိတ်ကောင်း တစ်ခုပဲ။ ဒါ မလိုလား အပ်တဲ့ အရာ မဟုတ်ဘူး။ လောဘ ရဲ့ ဆန့်ကျင်ဘက် က ‘အလောဘ’၊ တိုတို ပြောရင် မတရား သဖြင့် ခိုးယူ လိမ်လည် လှည့်ဖြား တိုက်ယူ ခိုက်ယူ တာဟာ လောဘ၊ ဒီတော့ ခိုးယူ တိုက်ယူ တာ မဟုတ်ဘဲ တရားသဖြင့် သမ္မာ အာဇီဝ စီးပွါးရှာ တာဟာ ‘အလောဘ’ မဖြစ်သွား ဘူးလား။ ဒီတော့ မှတ်ထား – တရားသဖြင့် လိုချင်တာက အလောဘ၊ မတရား သဖြင့် လိုချင်တာက လောဘ၊ ဒီလိုဆို အလုပ်လုပ် ရတာလဲ ရှင်းသွားတယ်။ ဒါပေမဲ့ အဲဒီလို ဘာသာပြန် တဲ့လူက သိပ်မရှိဘူး။ ဘာသာပြန် မှားတော့ သီချင်းသံ ကြားရင်တောင် လောဘဖြစ်တယ်။ အိမ်မှာ တောင် သစ်ပင် မစိုက်တော့ဘူး။ သစ်ပင်က ပန်းလှလှလေး ပွင့်လာရင် လောဘဖြစ် မှာစိုးလို့။ ဒီတော့ အိမ်ရှေ့မှာ သစ်ပင်မှ စိုက်မထားတော့ ဖုန် တထောင်းထောင်း ဖြစ်ရော။ ဗုဒ္ဓ ဘာသာ အိမ်ကြည့်ရင် လှအောင် မလုပ်တော့ ဘူး။ လှသွားရင် လောဘ ဖြစ်မှာ စိုးလို့တဲ့။ ဘုန်းကြီးက အဲဒီ ဗုဒ္ဓ ဘာသာ မျိုးတော့ မကြိုက်ဘူး။ ဘာသာပြန် တာက လွယ်တဲ့နည်းနဲ့ အမှန်ကိုရောက်မယ့်နည်းနဲ့ ဘာသာပြန် စေချင်တယ်။ ကဲ . . . မတရား သဖြင့် လိုတာ လောဘ။ တရားသဖြင့် လိုတာ အလောဘ။”

ဆရာ တော်ကြီး ဘဒ္ဒန္တ ပညာဝံသ သည် အတွေးရှင်း၍ တပည့် ဒကာ များကို အဟောလည်း ရှင်းအောင် ဟောကြားသည်။ ဆရာ တော်ကြီး သည် လောကလည်း မဖျင်းစေလို၊ ဓမ္မလည်း မယွင်းစေ လိုသော ဆန္ဒ ရှိ၏။ ဆရာ တော်ကြီး ၏ မြင့်မားသော အမျှော် အမြင်နှင့် ပြည်တွင်း ပြည်ပ ဒကာ ဒကာမ အများပေါ် ထားရှိသော ကြီးမား မွန်မြတ်သည့် စေတနာ တရားတို့ကို လေးစား ရိုသေ ဦးထိပ် ပန်ဆင် လိုက်နာဆောင်ရွက် ရမည်မှာ ဒကာ ဒကာမ များ၏ တာဝန် မဟုတ်ပါလော။ ။

ချစ်စံဝင်း

This article has appeared in Burmese Buddhist Temple’s 10th Anniversary Magazine,
issued on 29th December 2001.